ဇာတ်နိမ့်တို့၏ဘဝများ
ဇာတ်နိမ့်အနွယ်မှ မွေးဖွားလာသူမှန်သမျှသည် မည်မျှပင် ပညာတတ်၊ စည်းစိမ်ဥစ္စာကြွယ်ဝစေကာမူ ဇာတ်နိမ့်ပင်ဖြစ်ရသည်၊ ဇာတ်နိမ့် မှတ်ပုံတင်ကိုင်ဆောင်ရသည်၊ဇာတ်နိမ့်မှ မွေးဖွားလာသူများသည် ပြည်သူပိုင် စာသင်ကျောင်းများတွင် တက်ရောက်ပညာ သင်ကြားခွင့်မရှိ၊ အများသုံး ရေတွင်း ရေကန်များကို အသုံးပြုခွင့်မရှိ၊ ဟိန္ဒူဘုရားကျောင်းများသို့ ဝင်ထွက်သွားလာခွင့်မရှိ။ ရွှေ၊ ငွေ တန်ဆာဆင်ယင်ခွင့်၊ အဝတ်အစား တောက်တောက်ပြောင်ပြောင် ဝတ်ဆင်ခွင့်၊ ကျွဲ နွားများစွာ ပိုင်ဆိုင်ခွင့်မရှိပေ။ ထို့ပြင် မြို့တွင်း မြို့လယ်နေထိုင်ခွင့်နှင့် လုပ်ငန်းလုပ်ပိုင်ခွင့်များလည်း မရှိပေ။ အောက်ထစ်ဆုံး ဆတ္တာသည်(ဆံပင်ညှပ်) အလုပ်ကိုပင် ပြုလုပ်ခွင့် မရှိပေ။ ထို့ကြောင့် ဇာတ်နိမ့်များသည် မြို့စွန်မြို့ဖျားနှင့် ကျေးလက်ဒေသများတွင်သာ အခြေချနေထိုင်ကြရပြီး လယ်ယာ ကိုင်းကျွန်းလုပ်ငန်းများ၊ အစေခံလုပ်ငန်း၊ အမှိုက်ကျူံး၊ တံမျက်လှည်း၊ မစင်စွန့် အောက်ခြေလုပ်ငန်းများကိုသာ လုပ်ကိုင် အသက်မွေးကြရသည်။
ဘဝပျောက်နေသော ဘဝများ
ဇာတ်နိမ့်များသည် ဇာတ်မြင့်ဆိုသူများ၏ လက်နက်သဖွယ် အမျိုးမျိုး အသုံးချမှုကို ခံရသည်။ ဇာတ်မြင့်များသည် ဇာတ်နိမ့်များကို တိရစ္ဆာန်ကဲ့သို့ သဘောထားဆက်ဆံသည်။ ထိုကဲ့သို့သော ဖိအားများကြောင့် ဇာတ်နိမ့်အများစု၏ ဘဝသည် မှေးမှိန် ပျောက်ကွယ်နေတော့သည်၊ အနှိမ်ခံဘဝဖြင့် အနေကြာလာသောအခါ စိတ်ဓာတ်ခွန်အားများ နိမ့်ဆင်းကျလာကြသည်။ အမြဲတစေ အသာစီးရနေသော ဇာတ်မြင့်များကို ဘဝ၏ အရှင်သခင် ကျေးဇူးရှင်များအဖြစ်ထင်မှတ် လာကြသည်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုကင်းမဲ့ပြီး ဘဝကို ဘယ်လိုမြှင့်တင်ရမည်ဆိုတာကို မသိသကဲ့သို့ မြင့်မားအောင်ပြုလိုစိတ်များလည်း မရှိဖြစ်လာကြသည်။ သူတို့ဘဝကို သူတို့မပိုင် ဆိုင်ကြဟု စွဲမြဲထားရကား ကြိုးစားချင်စိတ်ပင်မရှိတော့ပေ။ ဒေါက်တာအမ်ဘေဒကာလက်ထက်တွင် နိမ့်ကျနေသော ဇာတ်နိမ့်များ၏ စိတ်ဓာတ်ကို မြှင့်တင် ပြောင်းလဲပေးနိုင်ခဲ့သည်။
ဒေါက်တာအမ်ဘေဒကာငယ်စဉ်ဘဝ
ဒေါက်တာ အမ်ဘေဒကာ အထက်တန်းကျောင်းသားဘဝက ဖြစ်သည်။ အတန်းထဲတွင် စာသင်နေခိုက် ဆရာက ကျောင်းသား အမ်ဘေဒကာကို black board ( စာသင်ဘော) တွင် သင်္ချာတွက်ပြရန် လှမ်းခေါ်လိုက်သည်။ ကျောင်းသား အမ်ဘေဒကာ စာသင်ဘောနားအရောက် (ဇာတ်မြင့်) ကျောင်းသားများ၏ တပြိုင်တည်း ဝိုင်းဝန်း အော်ဟစ်ခြင်းကို ခံရသည်။ အကြောင်းကား စာသင်ဘောနောက်ဘေးမှာ သူတို့ရဲ့ထမင်းဘူးများရှိနေသောကြောင့်ဖြစ်သည်၊ ဇာတ်မြင့်ဆိုသူများသည် ဇာတ်နိမ့်များ မိမိတို့၏ အစားအသောက်အနား ရောက်လာခြင်းကို များစွာရွံရှာကြသည်။
နွားလှည်းခရီး
တစ်နေ့သောအခါ အမ်ဘေဒကာနှင့် အစ်ကိုဖြစ်သူတို့ ဖခင်ရှိရာသို့ နွားလှည်းငှါး၍ သွားကြသည်။ လမ်းခုလတ်တွင် သူတို့၏ အင်္ဂရုပ်ကို ဖတ်မိသွားပြီး ဇာတ်နိမ့်တွေဟု ဆဲဆိုကာ နွားလှည်းသမား၏ လှည်းပေါ်မှ ကန်ချခြင်းကို ခံရသည်။ နောက်ထပ် လှည်းတစ်စီးကို နှစ်ဆပေးပြီး ငှါးပြန်သည်။ သို့သော် လှည်းသမားက သူတို့ ညီအစ်ကို နှစ်ယောက်ကို ရွံသည်ဟုဆိုကာ လှည်းနောက်မှ ခြေလျင်လိုက်လာခဲ့သည်၊ လမ်းတစ်လျှောက်တွင် သူတို့ညီအစ်ကို နှစ်ယောက် ရေမသောက်ရ၊ အများပိုင် ရေတွင်း ရေကန်များကို တွေ့သော်လည်း ထိုရေတွင်းရေကန်တို့သည် သူတို့လို ဇာတ်နိမ့်တွေနှင့် မသက်ဆိုင်ပေ။
တက္ကသိုလ်ကျောင်းဆရာဘဝ
အမ်ဘေဒကာသည် အဆင့်မြင့် ဘွဲ့များစွာကို ရပြီးသော်လည်း အလုပ်ရဘို့ရန်အတွက် အခက်အခဲများစွာနှင့် ကြုံတွေ့ရပြန်သည်။ အလုပ်ဌာနများသည် ဇာတ်နိမ့်များကို အလုပ်မပေးချင်ကြ။ မှတ်ပုံတင်တွင် ဇာတ်နိမ့်ဟု မြင်သည်နှင့် တပြိုင်နက် နေရာမှ အမြန်ဆုံး မောင်းထုတ်ကြတော့သည်။ တခါက ဘုံဘေမြို့ရှိ တက္ကသိုလ်တစ်ခုတွင် ဆရာအဖြစ်ဝင်လုပ်သည်၊ တက္ကသိုလ်က နေစရာ အဆောင်ပေးသော်လည်း ဇာတ်မြင့်ကျောင်းသားများ၏ ဝိုင်းဝန်း ကန့်ကွက်မှု့ကြောင့် အဆောင်မရဖြစ်ခဲ့ရသည်၊ တက္ကသိုလ်အနီးနားက အိမ်ခန်းတစ်ခုကို ငှါးနေပြန်သော်လည်း အနှောက်အယှက် အမျိုးမျိုးပေးလာကြပြန်သည်ဖြစ်၍ မဖြစ်သာသည့်အဆုံး တက္ကသိုလ်ကျောင်းဆရာ အလုပ်မှ နှုတ်ထွက်ခဲ့ရသည်။
(အပိုင်း-၃) မျှော်
0 comments:
Post a Comment