Thursday, October 29, 2009
သီတဂူစတား (sitagustar)
1 comment
အနှစ်ကိုးပါး (အပိုင်း-၂၃)
ဓမ္မနှင့် ပူဇော်ခဲ့သေးတယ်
အဲဒီရွှံ့ညွန်ထဲက ရေထဲက ထိုးထွက်လာတဲ့ ကြာဖူးကြီးဟာ ရေပေါ်တက်ပြီးတော့ နေနှင့် တွေ့လို့ ကားကား စွင့်စွင့် ပွင့်နေတဲ့အခါ ကြည့်လိုက်စမ်းပါ။
ရွံ့များ ပေသေးသလားဆိုတော့ မပေတော့ဘူး။ ရေလဲ မစိုတော့ဘူး။ ရေနဲ့ ရွှံ့ထဲက ထိုးထွက်လာတဲ့ ကြာပွင့် ဟာပွင့်လို့ရေပေါ်လဲ ရောက်လာရော ရေလဲမစို၊ ရွှံ့ညွန် အိုင်ကြီးထဲမှာ အောင်းနေခဲ့ရတဲ့ ဒီစိတ်ဟာ လွတ်ထွက်သွားတယ်။ ဘာမှ မကပ်တော့ဘူး။
ဘုန်းကြီး မိဂဒါဝုန် ရောက်တုန်းက အခုလို တစ်ယောက်တည်း အားပါးတရ ရွတ်ဘတ်ခဲ့သေးတယ်။
''တေသံ ပဉ္စဝဂ္ဂိယာနံ ဘိက္ခူနံ၊ ထိုငါးပါးသော ရဟန်းတော်တို့၏။ စိတ္တာနိ၊ စိတ်တို့သည်ကား။ အနုပါဒါယ၊ တစုံတခုသော ဥပါဒါန်ဖြင့် ငြိကပ်ခြင်းမရှိပဲ။ အာသဝေဟိ၊ အာသဝေါတရား လေးပါးတို့မှ။ ဝိမုစ္စိံသု၊ ကောင်းစွာမသွေ လွတ်မြောက်တော်မူခဲ့ကြလေကုန်၏''။ အဲဒီလို ''ဓမ္မ''နှင့် ပူဇော်ခဲ့သေးတယ်။
ဘုန်းကြီးတို့နဲ့ ဗာရာဏသီဆရာတော်ကြီး(ပြည် မြို့)ပစ္စည်းလေးပါးဒကာကြီးဦးဘရီ၊ ဗန်ကောက်က လိုက်လာတဲ့ ကပ္ပိယဒကာလေး ဝမ်ချိုင့်၊ နီပေါက လိုက်လာပြီးတော့ ဆွမ်းချက်ကပ်တဲ့ သီလရှင် ဒေါ်ဂုဏဝတီ၊ နီပေါ သံအမတ်ကြီးကတော်၊ နီပေါက ဘီအေစီ မန်နေဂျာ ကတော်၊ နီပေါဘုန်းကြီးလေး အရှင်စုဆောဗန်းတို့ အားလုံး မိဂဒါဝုန်မှာရှိတဲ့ မြန်မာကျောင်းကို သွားကြတယ်။
ဘုန်းကြီးက အဲဒီမြန်မာကျောင်းကို လိုက်ကို မလိုက်နိုင်တော့ဘူး။ မြတ်စွာဘုရား ဓမ္မစကြာ ဟောတယ်ဆိုတဲ့ နေရာမှာ အထိမ်းအမှတ် ပလ္လင် လုပ်ထားတယ်။ အဲဒီ မိဂဒါဝုန်တောကြီးထဲမှာ စေတီတော်ကြီး တစ်ဆူလဲ တည်ထားပါတယ်။
မိဂဒါဝုန်ဥယျာဉ်က ယခုသပ်သပ်ရပ်ရပ် လှလှပပ တော်တော်ကို ပြင်ထားတော့ ကြည်နူးစရာ တော်တော် ကောင်းတယ်။ ကျောင်းတိုက်အဟောင်းကြီးတွေ အုတ်တံတိုင်းကြီးတွေ အုတ်ခုံကြီးတွေကိုလဲ ပြန်ဖော်ထားတယ်။
မြတ်စွာဘုရား ဓမ္မစကြာ ဟောတာ၊ ပဉ္စဝဂ္ဂီတို့ တရားနာတာ ဒီနေရာပဲဆိုပြီးတော့ ဓမ္မစကြာနဲ့ အနတ္တ လက္ခဏာသုတ်ကို ရောက်တဲ့ အချိန်ကစပြီး အဲဒီနေရာက မထတမ်း ရွတ်ပြီးပူဇော်ခဲ့ပါတယ်။
အိန္ဒိယပြည်ကြီး တပြည်လုံးရှိတဲ့ လူထုကြီး အကုန်လုံးဟာ''အတ္တ''ချည်း ဖြစ်နေတယ်။ အဲဒီကစပြီးတော့ ကြွေး ကြော်လာခဲ့တဲ့ ''အနတ္တ''ဟာ ဘယ်လောက်များ ကြွေးကြော်ခွင့် ရသလဲဆိုရင် ၄၅-နှစ်ပဲ။
''အတ္တဝါဒ''က အမြစ်ပြုတ်အောင် မကွယ်တော့ ဗုဒ္ဓရှင်တော် ကွယ်ပြီးတဲ့နောက် ''အနတ္တဝါဒ''ပေါ်မှာ ''အတ္တဝါဒ''က ပြန်ပြီးတော့ လွှမ်းလာခဲ့တယ်။
ဗုဒ္ဓကိုတော်တိုင် တိုက်ဖျက်ခဲ့တဲ့ ဇာတ်စနစ်ဟာ မြတ်ဗုဒ္ဓကွယ်ပြီးတဲ့နောက် ပြန်ပြီးတော့ လွှမ်းမိုးလာတယ်။ ဒါကြောင့် အိန္ဒိယမှာ သာသနာကွယ်ခဲ့တာပါ။
သဒ္ဓါတရား နည်းပါးခြင်း
နောက်တစ်ခု သာသနာကွယ်ခြင်းရဲ့ အကြောင်းက ဘာလဲဆိုရင် လူတွေရဲ့ နှလုံသားထဲမှာ ခုနကပြောခဲ့တဲ့ ''သဒ္ဓါတရား''တဖြည်းဖြည်း ခေါင်းပါးလာမှုပါပဲ။
ဘာသာခြားတွေက သဒ္ဓါတရားက ခေါင်းပါးတော့ လုပ်ချင်ရာ လုပ်တော့တာပဲ။ အရာရာမှာ ကိုယ့်ဘာသာက ရှေ့တန်းက နေရာရဖို့, အသာစီးရဖို့, ခေါင်းတစ်လုံး သာဖို့, ဆိုတဲ့ မကောင်းတဲ့စိတ်တွေ ဖြစ်လာတယ်။ သူများ ဘာသာက ကိုယ့်ဘာသာထက် သာသွားမှာကို မလိုလာဘူး။
ဗုဒ္ဓသာသနာ အရှိန်အဝါ ကောင်းမှာကို မလိုလားဘူး။ ဒီတော့ မနာလိုစိတ်တွေ ပြင်းထန်လာတယ်။ ဒါကြောင့် ဘာသာခြားများက ဗုဒ္ဓသာသနိက အဆောက်အဦးတွေကို ဖျက်ဆီးတယ်။
သတိမူရင် မြူကို မြင်တယ်
နာလန္ဒာဗုဒ္ဓတက္ကသိုလ်ကြီးဆိုရင် တချိန်တုန်းက သိပ်အောင်မြင်ခဲ့တာပဲ။ ဒီလိုအောင်မြင်တာကို မလိုလားတဲ့ ဘာသာခြားတွေက တက္ကသိုလ်ကြီးကို မီးရှို့ပြီး ဖျက်ဆီးတယ်။ သံဃာတွေကို ညှင်းပန်းနှိပ်စက်တယ်။
သတိမူရင် မြူကို မြင်တယ်။ သတိမမူရင်တော့ ဂူကိုတောင် မြင်မှာမဟုတ်ဘူး။ ဒီလို မမြင်ခဲ့ကြလို့ မြန်မာနိုင်ငံ နယ်စပ်ဒေသတွေမှာ ဘာသာခြား အဆောက်အဦးတွေ မင်းမူနေတာကို တွေ့ရတယ်။
ပြီးတော့ ရှိသေးတယ်။ ဗောဓိပင်ကြီးနဲ့ မဟာဗောဓိစေတီတော်ကြီးကို ''မဟန့်''ဆိုတဲ့ ဟိန္ဒူဘုန်းကြီးက အင်မတန်ကြီးမားတဲ့ အဆောက်အအုံတွေကို မကြည့်နိုင်တဲ့ အတွက်ကြောင့် ''ဒါတွေပျောက်ပျက်အောင်တော့ ငါလုပ် လေမှပဲ''ဆိုပြီး လုပ်လိုက်တာ ပျောက်လုမတတ် ဖြစ်သွားတယ်။
မင်းတုန်းမင်းကြီးရဲ့ ဇရပ်ကိုဖျက်ပြီးတော့ သူ့ ကျောင်း ဆောက်ထားတာကို ကြည့်ပါ။ ဗောဓိစေတီကြီး ထဲမှာ သူတို့ရဲ့ရုပ်ပုံတွေကို သွင်းထားတာကိုလည်း ကြည့်ပါဦး။ ဘယ်လောက်ထိ ရက်စက်သလဲဆိုတာ ထင်ရှားလှပါတယ်။
အဲဒါ အချိန်မီ ထိန်းသိမ်းထားနိုင်လို့သာ။ မထိန်းသိမ်းနိုင်ရင် ဒီနေရာ ဗုဒ္ဓစေတီ လို့မပြောပဲနဲ့ ဟိန္ဒူတို့ရဲ့ ဘုရားကျောင်းကြီးဖြစ်မှာ။ ဘာသာခြားတို့ရဲ့ ဖျက်ဆီးခြင်းဟာလည်း သာသနာကွယ်ခြင်းရဲ့ အကြောင်းတစ်ခု။ အဲဒါ သဒ္ဓါတရား ခေါင်းပါးလာလို့ပါပဲ။
ညောင်သီးလည်းစား, လေးသံလည်း နားထောင်
ဒါကြောင့် သာသနာကို ချစ်မြတ်နိုးကြတဲ့သူများဟာ ကိုယ့်ဘာသာကို နှောက်ယှက်တဲ့သူများကို ခုခံကာ ကွယ်ဖို့ လိုပါတယ်။ အလျှော့ပေးလို့ မဖြစ်ဘူး။ အလျှော့ပေးရင် ကန်းတက်ပြီး ပိုပြီးတော့ စော်ကားလာလိမ့်မယ်။ ရခိုင်ပြည်နယ်က ဘင်္ဂလားနယ်စပ်ဒေသမှာဆိုရင် ဘာသာခြားအဆောက်အဦးတွေကို မြောက်မြားစွာ တွေ့ရတယ်။ မြန်မာလူမျိုးဆိုတာ အတော်ကို ရှာကြည့်ရတယ်။
မြန်မာနိုင်ငံဖြစ်ပြီးတော့ မြန်မာလူမျိုးပျောက်နေတာဟာ နိုင်ငံနှင့် သာသနာအတွက် အန္တရာယ် သိပ်များတယ်။ ''မြေမျိုလို့ လူမျိုး မပျောက်၊ လူမျိုမှ လူမျိုးပျောက်မည်''တဲ့။ သတိ, ဝီရိယရှိဖို့ လိုပါတယ်။
ကိုယ့်အမျိုး ဘာသာ သာသနာကို ကာကွယ်ပိုင်ခွင့်ရှိတယ်။ အခြားသော ဘာသာများကို သတိထားရမယ်။ ''သူတို့ ဘာလုပ်နေကြသလဲ''ဆိုတာကို မျက်ခြေမပြတ် ကြည့်ဖို့ လိုပါတယ်။ ''ညောင်သီးလည်းစား၊ လေးသံလည်း နားထောင်'' တဲ့။
(အပိုင်း-၂၄)မျှော်
Posted in: တရားတော်
Email This
BlogThis!
Share to Facebook
1 comments:
ဘုန်း၂ တပည့်တော် စာလာဖတ်ပါတယ်ဘုရား
Post a Comment